guide

ဘာကြောင့် Open Data လုပ်မှာလဲ။

Languages:  de  el  en  es  fr  he  hr  id  is  it  ja  ko  lt  lv  my  ne  nl_BE  pt_BR  ro  ru  zh_CN  zh_TW 

Open data အထူးသဖြင့် အစိုးရ၏ Open Data (open government data) သည် အလွန်ကြီးမားသော အရင်းမြစ်တစ်ခု ဖြစ်သလို ယခုထိတိုင် ကျယ်ကျယ်ပြန့်ပြန့်အသုံးမချရသေးသည့် အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ တစ်သီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရန် data အမျိုးအစားပေါင်းများစွာ ကောက်ယူလျက်ရှိသည်။ ဤအခြေအနေတွင် အစိုးရ၏လုပ်ဆောင်ချက်သည် အလွန်အရေးပါ ပါသည်၊ အဘယ်ကြောင့်ဆိုသော် ကောက်ယူလျက်ရှိသော data များ၏ ပမာဏနှင့် အရေးပါမှုတို့ကြောင့်ဖြစ်သည်။ ထို့အပြင် ဥပဒေကြောင်းအရ အစိုးရ၏ data အများစုမှာ အများပြည်သူနှင့် သက်ဆိုင်သော data များဖြစ်သည့်အတွက် ၄င်းတို့ကို လူထုထံချပြကာ အများက အသုံးပြုနိုင်အောင် လုပ်ပေးနိုင်သည်။ ထိုကဲ့သို့ဖြစ်လာလျှင် ဘာတွေဆက်ဖြစ်လာနိုင်ပါမည်လဲ။

Open Data ကြောင့် အကျိုးကျေးဇူးရနိုင်သည့် နယ်ပယ်များစွာရှိပြီး ၄င်းအကျိုးကျေးဇူးများကို ပြနိုင်သည့် ဥမာများလည်း ရှိနှင့်ပြီးဖြစ်သည်။ ထို့အတူ Open Data များရရှိနိုင်မှုကြောင့် မတူညီသည့် လူအုပ်စုများ၊ အဖွဲ့အစည်းများနှင့် အစိုးရပင်လျှင် အကျိုးကျေးဇူးခံစားရနိုင်သည်။ အနာဂတ်တွင် Open Data များက မည်ကဲ့သို့သောနေရာများတွင် မည်ကဲ့သို့သောပုံစံမျိုးဖြင့် အကျိုးပြုနိုင်ဦးမည်ကို တိကျစွာခန့်မှန်းနိုင်ရန်လည်း ခဲယဉ်းပါသည်။ တီထွင်ဆန်းသစ်မှုများ၏ သဘောသဘာဘဝအတိုင်း ဖွံ့ဖြိုးတိုးတက်မှုများသည် ရည်ရွယ်မထားသော နေရာများမှ မကြာခဏရောက်လာတတ်ပါသည်။

အစိုးရ၏ data များ open ဖြစ်ခြင်းကြောင့် အကျိုးကျေးဇူးများခဲ့သော နယ်ပယ်အမြောက်အများ ရှိပါသည်၄င်းတို့အထဲမှအချို့မှာ:

  • ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီနည်းအရ ထိန်းချုပ်ခြင်း
  • ပါဝင်ဆောင်ရွက်ခြင်း
  • မိမိကိုယ်တိုင် စွမ်းရည်မြင့်တင်မှု
  • ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ တိုးတက်လာခြင်း သို့မဟုတ် အသစ်ထွက်ပေါ်လာခြင်း
  • တီထွင်ဆန်းသစ်မှု
  • အစိုးရ၏ ဝန်ဆောင်မှုများ ပိုမိုလျင်မြန်ချောမွေ့လာခြင်း
  • အစိုးရ၏ ဝန်ဆောင်မှုများ ပိုမိုထိရောက်မှုရှိလာခြင်း
  • မူဝါဒများ၏ သက်ရောက်မှုကိုတိုင်းတာခြင်း
  • မတူညီသည့် data ရင်းမြစ်များပေါင်းစပ်ရာမှ၊ ပမာဏကြီးမားသော data များကို လေ့လာရာမှ တွေ့ရှိချက်အသစ်များ ပေါ်ထွက်လာခြင်း တို့ဖြစ်သည်။

အထက်ပါ နယ်ပယ်များတွင် သာဓကများစွာ ရှိနှင့်ပြီးဖြစ်သည်။

ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်လျှင် ဖင်လန်နိုင်ငံ၏ ‘tax free’ နှင့် ဗြိတိသျှ၏ ‘where does my money go’ စသည့် စီမံချက်များတွင် နိုင်ငံသားတို့က ပေးဆောင်သည့် အခွန်ငွေကို အစိုးရအနေဖြင့် မည်သို့အသုံးပြုနေသည်ကို ဖော်ပြလျက်ရှိသည်။ Open Data ကြောင့် ကနေဒါနိုင်ငံတွင် အလှူခံများပေးရန် တိမ်းရှောင်နေသည့် အခွန် ၃.၂ ဘီလီယံဒေါ်လာ ရရှိခဲ့သည့် ဥပမာလည်းရှိသည်။ ဒိန်းမတ်တွင်ရှိသည့် folketsting.dk website ကဲ့သို့ လွှတ်တော်တွင်းလှုပ်ရှားမှုများနှင့် ဥပဒေပြုရေးဖြစ်စဉ်ကို စောင့်ကြည့်ပြီး လွှတ်တော်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်နှင့် မည်သည့်လွှတ်တော်အမတ်များပါဝင်သည်ကို သိနိုင်သည့် website များလည်းရှိသည်။

အစိုးရ၏ data များ open ဖြစ်ခြင်းသည် သင်၏ ကိုယ်ပိုင်ဘဝတွင် ပိုကောင်းသော ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးသည်၊ သို့မဟုတ် လူမှုဝန်းကျင်တွင် သင့်ကို ပိုမိုတက်ကြွလာစေသည်။ ဒိန်းမတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် နိုင်ငံတွင်းရှိ အများသုံးအိမ်သာများအားလုံးကို ဖော်ပြပေးသည့် findtoilet.dk ဟုခေါ်သည့် website တစ်ခုကိုတည်ထောင်လိုက်သည်၊ ၄င်း website ကြောင့် ဆီးအိမ်နှင့်ပါတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေသည့် သူမ၏ အသိမိတ်ဆွေများ အပြင်ထွက်ရန် ကိုယ့်ကိုယ်ပိုမိုယုံကြည်မှုရှိလာစေသည်။ နယ်သာလန်နိုင်ငံတွင်ရှိသည့် vervuilingsalarm.nl ဟုခေါ်သည့်ဝန်ဆောင်မှုတစ်ခုသည် နောက်တစ်နေ့တွင်ဖြစ်နိုင်သည့် သင့်ပါတ်ဝန်းကျင်ရှိ လေထုအရည်အသွေးကို စာတိုပေးပို့၍ သတိပေးသည်။ နယူးယောက်တွင် သင့်ခွေးနှင့် အတူလမ်းလျှောက်နိုင်သည့် နေရာများကို ရှာဖွေနိုင်ပြီး ပန်းခြံတစ်ခုတည်းတွင် အပန်းဖြေသူ အချင်းချင်းလည်းသိနိုင်သည်။ UK မှ ‘mapumental’ နှင့် ဂျာမဏီမှ ‘mapnificent’ ဝန်ဆောင်မှုများတွင် အလုပ်ကို သွားရန်ကြာချိန်၊ အိမ်ဈေးနှုန်းများနှင့် ပတ်ဝန်းကျင်လှပမှု အပေါ်အခြေခံကာ သင်နေထိုင်မည့်နေရာအား ရွေးချယ်နိုင်သည်။ အထက်ပါ ဥပမာများအားလုံးသည် အစိုးရ၏ open data ကို အသုံးပြုထားသည်။

စီးပွားရေးအရလည်း open data သည်အလွန်အရေးပါသည်။ ဥရောပသမဂ္ဂ တစ်ခုတည်းပင်လျှင် open data ၏ စီးပွါးရေးအရတန်ဖိုးမှာ တစ်နှစ်လျှင် ယူရိုဘီလီယံပေါင်း ဆယ်ဂဏန်းနှင့် ချီ၍ရှိသည်ဟု လေ့လာမှုများအရ တွေ့ရှိရသည်။ ကုန်ပစ္စည်းအသစ်များနှင့် ကုမ္ပဏီများသည် open data များကို ပြန်လည်အသုံးပြုနေကြသည်။ ဒိန်းမတ်နိုင်ငံမှ husetsweb.dk သည်သင့်အိမ်တွင် အသုံးပြုသော လျှပ်စစ်မီး အလဟသမဖြစ်စေရန်၊ ငွေကြေးအစီအစဉ်ချခြင်းနှင့် ထိုအရာများပြုလုပ်ပေးနိုင်သည့် အိမ်တည်ဆောက်သူများရှာဖွေခြင်း စသည့်ဝန်ဆောင်မှုများပေးသည်။ ထိုကဲ့သို့ ဝန်ဆောင်မှုပေးရန် ပိုင်ဆိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ အစိုးရ၏ ထောက်ပံ့မှုများ၊ ပြည်တွင်းကုန်သွယ်မှုဆိုင်ရာ မှတ်ပုံတင်အချက်အလက်များကို အခြေခံထားသည်။ Google Translate သည်လည်း ဥရောပသမ္မဂ၏ နိုင်ငံများတွင်အသုံးပြုသောဘာသာစကားများဖြင့်ရေးသားထားသည့် အချက်အလက်၊ မှတ်တမ်းမှတ်ရာ အမြောက်အများကို ၄င်း၏ကွန်ပြူတာစနစ်အတွင်းသို့ထည့်သွင်းကာ ဘာသာပြန်ဝန်ဆောင်မှုများ၏ အရည်အသွေးကို ပိုမိုကောင်းမွန်လာစေသည်။

Open Data သည်အစိုးရအတွက်လည်း တန်ဖိုးရှိသည်။ ဥပမာအားဖြင့် ၎င်းသည် အစိုးရ၏ စွမ်းဆောင်နိုင်မှုကို ပိုမိုတိုးတက်စေသည်။ နယ်သာလန်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ပညာရေးနှင့် ဆက်နွှယ်သော data များအားလုံးကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် online ပေါ်တင်ခဲ့သည်။ ထိုအချိန်မှစ၍ ၄င်းတို့လက်ခံရရှိသော မေးခွန်းအရေအတွက် လျော့နည်းသွားသည်။ ထို့ကြောင့်၄င်းတို့၏ လုပ်ငန်းဝန် နှင့် ကုန်ကျစရိတ်လည်း လျော့ကျသွားသည်။ ကျန်ရှိနေသေးသည့်မေးခွန်းများကို ပြည်သူ့ဝန်ထမ်း များမှဖြေဆိုရန် လွယ်ကူသွားသည်။ အဘယ်ကြောင့်ဆိုသော် အဖြေနှင့်ကိုက်ညီမှုရှိသော data များကို အလွယ်တကူ ရှာဖွေနိုင်ပြီဖြစ်သောကြောင့်ဖြစ်သည်။ Open Data သည် အစိုးရ၏ အလုပ်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေသည်၊ ထိုမှတဆင့် နောက်ဆုံးတွင် ကုန်ကျစရိတ်ကိုလည်း လွန်စွာလျှော့ချပေးနိုင်သည်။ ဒက်ခ်ျလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနစ် ဌာနသည်လည်း ၎င်းတို့၏ data များကို တက်တက်ကြွကြွ ထုတ်ဝေပေးနေသည့်အပြင် Wikimedia Foundation ကဲ့သို့သော သမိုင်းသုတေသနဆိုင်ရာ အပျော်တမ်းအုပ်စုများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့၏ တာဝန်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။ ဤသို့လုပ်ခြင်းကြောင့်ရရှိသော ရလဒ်များမှာ ၎င်းတို့၏ data အရည်အသွေးကိုတိုးတက်စေသည့်အပြင် ဌာနကိုလည်း လူထုနှင့် တစ်သားတည်း ဖြစ်လာစေသည်။

လူမှုရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်တို့တွင် Open Data က ဆောင်ကျဉ်းပေးလာသည့် အကျိုးကျေးဇူးများနှင့် ပတ်သတ်သည့် သာဓကများစွာ ရှိနှင့်ပြီးဖြစ်သော်လည်း မည်ကဲ့သို့သော အသစ်အသစ်များ ထပ်မံပေါ်ထွက်လာမည်ကို မသိနိုင်သေးပါ။ Data များအား ပေါင်းစပ်အသုံးချခြင်းသည် အသိပညာအသစ်များ၊ အတွေးအမြင်အသစ်များကို ဖြစ်ပေါ်လာစေပြီး ၄င်းတို့မှတဆင့် လက်တွေ့အသုံးချနိုင်မှုများကို ထပ်မံဖန်တီးပေးနိုင်သည်။ ဤဖြစ်ရပ်မျိုးကို Dr. Snow မှ ၁၉ ရာစုအတွင်း လန်ဒန်မြို့တွင် အထက်လှန်အောက်လျှောကြောင့် သေဆုံးခဲ့မှု data နှင့် ရေတွင်းများ၏တည်နေရာ data ကိုပေါင်းစပ်ပြီး “မသန့်ရှင်းသည့်ရေသောက်သုံးခြင်းကြောင့် အထက်လှန်အောက်လျှော ဖြစ်စေသည်” ကိုရှာဖွေတွေ့ရှိခဲ့သည်။ ဤရှာဖွေတွေ့ရှိမှုကြောင့် လန်ဒန်မြို့တွင်ရေမြောင်းစနစ်များတည်ဆောက်ခြင်းနှင့် လူထုအတွက် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ လွန်စွာတိုးတက်လာခဲ့သည်။ မတူညီသည့် Open Data Set များပေါင်းဆက်ခြင်းဖြင့် မမျှော်လင့်ထားသော အတွေးအမြင်သစ်များရရှိပြီး ဤကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုများကို ထပ်မံမြင်တွေ့ဖွယ်ရှိပါသည်။

အကယ်၍ အစိုးရထံမှ လူထုနှင့်သက်ဆိုင်သည့် data ကို open data အဖြစ်သို့ကျွန်ုပ်တို့ပြောင်းလဲနိုင်ပါက အလားအလာကောင်းပြီး အသုံးမချရသေးသည်များကို သက်ရောက်မှုအင်အားကြီးမားသည့် အရာများအဖြစ် ဖန်တီးလာနိုင်မည်ဖြစ်သည်။။ သို့ရာတွင် အခြားသူများပြန်လည်အသုံးပြုရန်အတွက် ဥပဒေအရ၊ ငွေကြေးအရ သို့မဟုတ် နည်းပညာအရ တားမြစ်ချက် လုံးဝမရှိဘဲ အမှန်တကယ် open ဖြစ်မှသာ ဤအခြေအနေများ ဖြစ်လာနိုင်သည်။ တားမြစ်ချက်တိုင်းသည် လူများကို data များအသုံးပြုခွင့်မရအောင်၊ ထိုသို့အသုံးပြုရန်အတွက် ခက်ခဲသွားအောင် ပြုလုပ်မည်ဖြစ်သည်။ အလားအလာကောင်းများ ပေါ်ထွန်းလာစေရန်မှာ လူထုနှင့်ဆိုင်သော data သည် open data ဖြစ်ရန်လိုအပ်ပါသည်။